တောင်ငူအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျောင်းအခြေပြုစက်ချုပ်သင်တန်း အပတ် စဉ်(၄/ ၂၀၂၂)သင်တန်းဆင်းပွဲ ကျင်းပ

တောင်ငူ        အောက်တိုဘာ   ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျောင်းအခြေပြု စက်ချုပ်သင်တန်းအပတ်စဉ်(၄/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အမျိုးသမီးများအနေဖြင့် အိမ်ထောင်ထိန်းသိမ်းမှု ပညာရပ်များကို တတ်ကျွမ်းခြင်းအားဖြင့် အလုပ်အကိုင်ရရှိစေရန်၊ အမျိုးသမီးများ အမှီအခိုကင်းစွာဖြင့် မိမိဘဝမိမိရပ်တည်နိုင်စေရန်၊ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ ပိုမိုရရှိစေရန်ရည်ရွယ်၍ အမျိုးသမီးများ အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်းပညာရပ်များကို သက်သာသောသင်တန်းကြေး၊ သင်ထောက်ကူပစ္စည်းပြည့်စုံစွာ သင်ယူနိုင်တဲ့ ကျောင်းပြင်ပရပ်ရွာ အခြေပြုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သင်တန်းသားသင်တန်းသူများက အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာသင်ကြားပြီး အကျိုးရှိရှိအသုံးချပါက မိမိဘဝကို အများနည်းတူ ရပ်တည်နေထိုင်နိုင်ပြီး တစ်ပိုင်တစ်နိုင်စီးပွားရေးမှ ကိုယ်ပိုင်လုပ်ငန်း၊ ကိုယ်ပိုင်ဝင်ငွေရရှိသည်အထိ လုပ်ဆောင်နိုင်အောင် ကြိုးစားလုပ်ဆောင်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ကျောင်းအုပ်ဒေါ်ဌေးဌေးမြင့်က သင်တန်းဖွင့်လှစ်နေမှု အခြေအနေအား ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က သင်တန်းသို့တက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူ(၄၈)ဦးအနက် ထူးချွန်ဆုရရှိသည့် ကျောင်းသူတစ်ဦးအား အပ်ချုပ်စက်(၁)လုံးနှင့် တက်ရောက်ကြသည့်  သင်တန်းသားများအားလုံးကို သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းဆင်းပွဲသို့ တက်ရောက်ကြသူများက သင်တန်းသား၊ သင်တန်းသူများ၏ အင်္ကျီဒီဇိုင်းလက်ရာများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါကျောင်းအခြေပြုစက်ချုပ်သင်တန်းအပတ်စဉ်(၄/၂၀၂၂)သင်တန်းကို (၅-၉-၂၀၂၂)မှ (၁၄-၁၀-၂၀၂၂)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၄၈)ဦးကို သင်ကြားမွေးထုတ်နိုင်ခဲ့ကြောင်း တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။

ဇော်ကိုကို(ပြန်/ဆက်)