ညောင်လေးပင် စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီမှစ၍ ညောင်လေးပင်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနည်းလမ်းများ အသိပညာပေး ဟောပြောကြပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် (၅)ဦးက ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲများ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်းနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီများ ဖွဲ့စည်းခြင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်း လမ်းညွှန်ပါ လုပ်ဆောင်ရမည့် တာဝန်နှင့် ဝတ္တရားများ၊ ကြိုတင် မဲပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်များ ထုတ်ပြန်ကြေညာခြင်း၊ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းလမ်းညွှန်များ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းစသည့် အကြောင်းအရာများသင်ကြားပေးလျက်ရှိသည်။
အဆိုပါ သင်တန်းအား ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၄၃၃)ဦးအား သင်ကြားပေးမည် ဖြစ်ကြောင်း၊ တစ်ခန်းလျှင် (၃၀) ဦးခန့်ဖြင့် အခန်းငါးခန်းခွဲ၍ တစ်ရက်လျှင် (၁၅၀) ဦးခန့်ကို သုံးရက်ခွဲကာ သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း၊ ညောင်လေးပင် မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၁၆၀,၀၀၀)ကျော်ရှိကာ ရပ်ကွက်/ကျေးရွာ အုပ်စု(၆၁)အုပ်စု၌ မဲရုံပေါင်း (၁၅၀) ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် မဲဆန္ဒနယ်အသီးသီးတွင် ပါတီ (၉) ခုနှင့် တစ်သီးပုဂ္ဂလ တစ်ဦးတို့မှ စုစုပေါင်း ကိုယ်စားလှယ်လောင်း (၃၂)ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
သက်လွင် (ညောင်လေးပင်)