ဖျာပုံမြို့၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများလျာထားသတ်မှတ်ခြင်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ဖျာပုံ အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ မဲစာရင်းများ မှန်ကန်ရေးနှင့် မဲရုံများ လျာထားသတ်မှတ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ (၁၄)ရက်နေ့ နံနက် (၉)နာရီအချိန်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်း၊ ပြည်တောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်း၊ ပြည်တောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးတို့က ဖျာပုံခရိုင်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူများအား၊ ဥပဒေနှင့်အညီ စက်တင်ဘာလကုန်အထိ လစဥ်စိစစ် ပြုစုထားသည့် လူဦးရေစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ဖျာပုံခရိုင်အတွင်းရှိ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ့များက ပူးပေါင်းစိစစ် ဆောင်ရွက်ထားမှုများနှင့် စပ်လျဥ်း၍ ညှိနှိုင်းဆွေးနွေးကြပြီး၊ သက်ဆိုင်ရာဌာနအသီးသီးမှ ဆောင်ရွက်ထားမှုများ တင်ပြကြသည်။

ဆက်လက်၍ ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက အခြေခံမဲဆန္ဒရှင်စာရင်းများ လစဥ်စိစစ် ဆောင်ရွက်မှုနှင့် စပ်လျဥ်း၍ စက်တင်ဘာလအထိ ဆောင်ရွက်ထားရှိမှုအား တင်ပြရာ -(၁)လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန စိစစ်ချက်အရ (က)သေဆုံး၊ ပြောင်းထွက်၊ (၂)ကြိမ်ထပ်၊ (၃)ကြိမ်ထပ်တို့မှ လျော့သည့်လူဦးရေ (၁၇၅၅)ဦး (ခ)လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန လက်ကျန်စာရင်းမှ ပြန်လည်ထည့်သွင်းသည့် ထပ်တိုးလူဦးရေ (၅၂၅၂)ဦး (၂)အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ်ချက်အရ (က)မြေပြင်ထပ်တိုး၊ ပုံစံ (၆၆/၆)ရှိသူ (၈၅၇၁)ဦး (ခ)မြေပြင်တွင် လျော့သည့်ဦးရေ၊ ပုံစံ(၆၆/၆)ရှိသူ (၁၇၀၉)ဦး မဲရုံတည်နေရာနှင့် မဲရုံအရေအတွက် လျာထားမှု (၁၀၅၄)ရုံ၊ လျာထားသတ်မှတ်ထားကြောင်းနှင့် မဲရုံသုံးပစ္စည်း လိုအပ်ချက်တို့ကို တင်ပြဆွေးနွေးသည်။

ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့က မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်မှုလုပ်ငန်း အောင်မြင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အခက်အခဲများ၊ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး အကြံပြု ဆွေးနွေးကြသည်။

အဆိုပါဆွေးနွေးတင်ပြချက်များနှင့် စပ်လျဥ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် တိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်းနှင့် အဖွဲ့ဝင် ဦးအောင်လွင်ဦးတို့က ဖြည့်စွက်မှာကြားခဲ့ပြီး၊ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)