ကော့ကရိတ်မြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးကျေးရွာအုပ်စု ရန်ပုံငွေစီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်

ကော့ကရိတ် အောက်တိုဘာ ၁၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးကျေးရွာ အုပ်စုရန်ပုံငွေစီမံခန့်ခွဲမှုသင်တန်းကို ယနေ့နံနက်(၁၀)နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်းစိုးက အမှာစကားပြောကြားပြီး မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးစောဆာဒေါက်ဖော့ာက နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့်ပတ်သက်၍ ရန်ပုံငွေချေးငွေလျှောက်လွှာ၊ လုပ်ငန်းအမျိုးအစားအလိုက် ရန်ပုံငွေထုတ်ချေးမှု၊ ပြန်လည်ပေးဆပ်မှု၊ အတိုးရငွေ၊ အသုံး စရိတ်စာရင်း၊ ငွေသားလက်ကျန်စာရင်း စသည့် ရန်ပုံငွေစီမံခန်ခွဲမှုစာရင်းဇယားအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထိုနောက် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးချစ်ခိုင်က ကရင်ပြည်နယ်အစိုးရအဖွဲ့မှ နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် တောင်သူများအား နွေစပါး၊မြေပဲ ၁ဧက(၂) သိန်း၊ပဲတီစိမ်း၊ နေကြာ၊နှမ်း၊ ပဲပုတ် ၁ဧက (၁၂၀၀၀၀)နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိ​ကြောင်း ဆွေးနွေးပြောကြားသည်။ ယင်းနောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးသန်းကိုကနေကြာတစ်ဧက(၅၀)တင်းအထွက်နှုန်းရရှိရေး နည်းပညာများနှင့် ပတ်သက်၍ စိုက်ပျိုးစနစ်၊ အပင်ပြုစုပျိုးထောင်ခြင်း၊ မြေသြဇာကျွေးခြင်း၊ ပေါင်းရှင်းခြင်း၊ သားခွဲခြင်း စသည့်နည်းပညာများကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍တောင်သူများကို နေကြာမျိုးစေ့များပေးအပ်ရာ တစ်ဧကသီးသန့်စိုက်သူများအားမျိုးစေ့ ၃ ကီလို၊ သီးညှပ်စိုက် ဧကတစ်ဧကလျှင် (၁.၅)ကီလိုနှုန်းဖြင့် စိုက်ဧက(၂၀၀)ဧကအတွက် တောင်သူ( ၆၅)ဦးတို့ အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)