မြိတ် အောက်တိုဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရှိ မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်နှင့် တနင်္သာရီမြို့နယ်များမှ မိုးစပါးစိုက်တောင်သူများအား မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းမှထုတ်လုပ်သည့် ယူရီးယားဓာတ်မြေဩဇာ စုစုပေါင်း (၆၈၀)အိတ်ကို စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ဈေးနှုန်းချိုသာစွာဖြင့် ယနေ့ နေ့လယ်ပိုင်းက တတိယအကြိမ် ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
မြိတ်ခရိုင်အတွင်းရှိ စပါးသီးနှံစိုက်ပျိုးသူများ၊ မျိုးစေ့ထုတ်တောင်သူများအနေဖြင့် မိမိတို့လယ်ယာမြေအတွက် လိုအပ်သော ယူရီးယားမြေဩဇာများကို ဈေးသက်သာသောနှုန်းထားဖြင့် အချိန်ကိုက်၊ အချိုးကျထည့်သွင်းနိုင်ခြင်းဖြင့် တစ်ဧကအထွက်နှုန်းတိုးမြင့်ကာ တစ်ဦးချင်းဝင်ငွေတိုးတက်၍ ဒေသဝမ်းစာဖူလုံလာစေရန်ရည်ရွယ်ပြီး ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ကြောင်း၊ တောင်သူများအနေနဲ့ မြေဩဇာပေါက်ဈေးအရ တစ်တန်လျှင် ကျပ်(၁၂)သိန်းဝန်းကျင်ခန့် သက်သာမှာဖြစ်ကြောင်း မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယူရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က အဖွင့်အမှာစကားပြောကြားပြီး မြိတ်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုးမင်းသိန်းက အမှာစကားပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဓာတ်မြေဩဇာဝယ်ဖြန့်ဖြူးရေး ကော်မတီဝင်များက မြိတ်မြို့နယ်မှ တောင်သူများအား ဓာတ်မြေဩဇာ (၄၂၀)အိတ်၊ ကျွန်းစုမြို့နယ်မှ တောင်သူများအား ဓာတ်မြေဩဇာ(၁၄၀)အိတ်နှင့် တနင်္သာရီမြို့နယ်မှ တောင်သူများအား ဓာတ်မြေဩဇာ(၁၂၀)အိတ်၊ စုစုပေါင်း(၆၈၀)အိတ်ကို တစ်ဦးချင်း ဖြန့်ဖြူးရောင်းချပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တောင်သူများကိုယ်စား ကျွန်းစုမြို့နယ်မှ တောင်သူဦးဖြိုးဝေလင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ မြိတ်ခရိုင်အနေဖြင့် စပါးစိုက်ဧကအနေဖြင့် မိုးစပါးစိုက်ဧက (၁)သိန်း(၁)သောင်းကျော်နှင့် နွေစပါးစိုက်ဧက(၇)ထောင်ကျော် စိုက်ပျိုးလျက်ရှိကြကြောင်း၊ ဓာတ်မြေဩဇာများကို ဦးစားပေးရောင်းချပေးသည့် သတ်မှတ်ချက်များနှင့် စပါးသီးနှံစိုက်ပျိုးသည့် တောင်သူများအား တစ်ဧကလျှင် (၀.၀၇၈)အိတ်နှုန်း၊ စပါးသီးနှံမျိုးစေ့ထုတ် စိုက်ပျိုးမည့်တောင်သူများအား တစ်ဧကလျှင် (၁)အိတ်နှုန်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြိတ်ခရိုင်ရှိ တောင်သူများအား ဓာတ်မြေဩဇာ(၃၇၀၀)အိတ်ကို ဩဂုတ်လမှ ယနေ့အထိဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဓါတ်မြေဩဇာဈေးနှုန်းများကြီးမြင့်နေသော အခက်အခဲများကို တောင်သူများတွေ့ကြုံခံစားနေကြပြီး ဒေသတွင်းရှိစိုက်ပျိုးရေးတောင်သူများ ဈေးသင့်သောနှုန်းထားဖြင့် ဝယ်ယူနိုင်မည်ဖြစ်၍ မြေဩဇာဈေးနှုန်းကြီးမြင့်မှုကြောင့် သွင်းအားစုများထည့်သွင်းရန် ကြုံတွေ့နေရသောအခက်အခဲများ အထောက်အကူဖြစ်၍ စိုက်ပျိုးသီးနှံများအတွက် လိုအပ်သော ယူရီးယားမြေဩဇာများကို ဈေးသက်သာသောနှုန်းထားဖြင့် အချိန်ကိုက်၊ အချိုးကျထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး