မုံရွာ အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာအစည်းအဝေးသို့ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကို အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်း ရှင်းရေးကောင်စီ၏ လမ်းညွှန်မှုနဲ့အညီ အဖွဲ့ဝင်(၂၁)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ခရီးသည်တင်ယာဉ်များအားလုံး၌ မော်တော်ယာဉ် မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ ခရီးစဉ်စ/ဆုံး အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်မောင်းနှင်စေရေးနှင့် မော်တော်ဆိုင် ကယ်မောင်းနှင်သူတိုင်း ဆိုင်ကယ်စီး ဦးထုပ်ဝတ်ဆင်မောင်းနှင်စေရေးအား အရှိန်အဟုန်မြှင့် အထူးကြပ်မတ် ကြိုးပမ်းဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အဖွဲ့ဝင်များအနေဖြင့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ လမ်းညွှန်ချက်အတိုင်း တိုင်းဒေသကြီးအနေဖြင့် ယာဉ်တိမ်းမောက်တိုက်ခိုက်မှုနှင့် ဒဏ်ရာရ၊သေဆုံးလျော့ချ နိုင်ရေးအတွက် အသိပညာပေးခြင်း၊ စစ်ဆေးကြပ်မတ်ခြင်းနှင့် အရေးယူခြင်း၊ တရားမဝင် လိုင်စင်မဲ့ယာဉ်များ စစ်ဆေးအရေးယူခြင်းတို့ကို အရှိန်မြှင့်ဆောင်ရွက်ရေး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ညှိနှိုင်းဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။
ယင်းနောက်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်တို့က တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ လိုင်စင်မဲ့မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ဖမ်းစီးရရှိမှု၊ လိုင်စင်ပြုလုပ် ပေးမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီအတွင်းရေးမှူး တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းနှင့် တွဲဖက်အတွင်းရေးမှူး အမှတ်(၁၇)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(စစ်ကိုင်း)၊ ယာဉ်ထိန်းတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်ဟိန်းတို့က တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဖွဲ့စည်းထားရှိမှု၊ ယာဉ်မှတ်ပုံများ ဆောင်ရွက်ထားရှိမှု၊ ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးထားရှိမှု၊ ယာဉ်တိုက်ခိုက်ဖြစ်ပွားမှုနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီအဖွဲ့ဝင် တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီး ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာနတို့မှ မိမိတို့ဌာနများအလိုက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)