ရေဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကြိုတင်တားဆီးကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

ရေဖြူ အောက်တိုဘာ ၁၄

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ယနေ့နံနက် ၇ နာရီက မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်းပြီး ရေဖြူမြို့မေတ္တာလမ်းနှင့် ကျောက်တိုင်လမ်းဆုံ လူသွားလူလာများသောနေရာများသို့ သွားရောက်ပြီး Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်များမှ ရေဖြူမြို့အနောက်ဈေးအတွင်းဝင်ရောက်ပြီး ဈေးရောင်းဈေးဝယ်ပြုနေသူများကို ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ပြီးမှ ဈေးရောင်းဈေးဝယ်ပြုကြရန်မှာကြားပေးခြင်း၊ လမ်းသွားလမ်းလာပြည်သူများ၊ အငှားယာဉ်မောင်းနှင်သူများ၊ ခရီးသွားပြည်သူများတို့အား Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန် မှာကြားပေးခြင်းများနှင့် လမ်းသွားလမ်းလာမိဘပြည်သူများတို့အား အပြင်မှပြန်ရောက်သည့်အခါတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာ စနစ်တကျဆေးကြော ရန်၊ လူစုလူဝေးနေရာများသို့မသွားရောက်ဘဲ လူစုလူဝေးမပြုလုပ်ကြရန် စသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန်နှင့် ကာကွယ်ဆေးကိုလည်း အကြိမ်ရေပြည့်မီအောင်ထိုးနှံကြရန်တို့ကို အသိပညာပေး မှာကြားပေးခဲ့ကြသည်။

ထို့နောက် ပူးပေါင်းအဖွဲ့တို့သည် ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask အခု ၅၀၀ ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခတ္တာ