လိပ်သို အောက်တိုဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် စာရေးဆရာခင်မောင်တိုး (မိုးမိတ်) ရေးသားသော “အောင်မြင်ရေးလောင်စာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆွေးနွေးပွဲတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ပြန်/ဆက် စာကြည့်တိုက်များတွင် စာအုပ်စာစောင်များ အခမဲ့ငှါးရမ်းဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်ပါ အကြောင်းအရာအချို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာပေဝါသနာရှင် မနှင်းဆီလှိုင်ထွန်းက စာရေးဆရာခင်မောင်တိုး(မိုးမိတ်) စာအုပ်၏ “အောင်မြင်ဖို့ သော့ ၇ ချောင်း” ခေါင်းစဉ်အောက်မှ လူအများက သူတို့မှာရှိတဲ့ အရည်အချင်းရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုပဲ အလုပ်လုပ်ရာမှာ အသုံးချကြတယ်၊ ဆယ်ပုံစလုံး အသုံးချကြည့်စမ်းပါဗျာ၊ ရလဒ်က တကယ့်အံ့ဩစရာဖြစ်လာမှာ သေချာကြောင်း၊ သင့်အိပ်မက်အစစ်အမှန်က ဘာလဲဆိုတာသိအောင်လုပ်၊ ပြီးရင် အိပ်မက်အကောင်အထည်ပေါ်လာအောင်ကြိုးစား၊ အကောင်အထည်ဟာ ထင်ထားတာလောက်မဝေးပါကြောင်း၊ အောင်မြင်မှုရရေးမှာ မလျော့ရဲတဲ့အားထုတ်မှုလိုကြောင်း၊ အာရုံထွေပြားစေမဲ့အရာတွေကို အမြဲသတိထားရမှာဖြစ်ကြောင်း၊ ယနေ့ဟာ သင့်အတွက် နောက်ဆုံးအသက်ရှင်နေတဲ့နေ့လို့ သဘောပိုက်ပြီး အလုပ်ဆက်လုပ်သွားရမှာဖြစ်ကြောင်း စသည့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်