စုကလိမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အသိပေးနှိုးဆော်မှုများဆောင်ရွက်

စုကလိ အောက်တိုဘာ ၁၄

ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်‌မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်‌ရေးနည်းလမ်းများနှင့် ကိုဗစ်-‌၁၉‌ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်စေရေးအတွက် မိဘပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေဖို့အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက စုကလိမြို့ ရပ်ကွက် တွင် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့် အချက်များကို နှိုးဆော်ပေးရာ တွင် မျိုးကွဲသစ် အိုမီခရွန်မျိုးစိတ်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရဖူးသူများလည်း ပြန်လည်ကူးစက်နိုင်ခြင်း၊ ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်မှုများကို ထိရောက်စွာ လျော့ချနိုင်ခြင်းတို့‌ကြောင့် ကိုဗစ် ကာကွယ်ဆေးများကို ကြိမ်နှုန်းပြည့်ထိုးနှံကြရန်နှင့် ကလေးများနှင့် အသက် ၃၀ နှစ်အောက် လူငယ်များ၌ ပိုမိုကူးစက်နိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ ပြင်ပသို့ထွက်ခွာပါက ပါးစပ်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သွား လာကြရန် ပြင်ပမှလာသောဧည့်သည်များအား လက်မခံပါရန်၊ ပါးစပ်နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်း များကို ရှောင်ကြဉ်ကြရန်၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် မကြာခဏ စနစ်တကျဆေး‌ကြောရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှု ခံယူရန် စသည့် ဆောင်ရန်/ရှောင်ရန်နည်းလမ်းများကို အသိပညာပေးတိုက်တွန်းနှိုးဆော် ခဲ့ကြောင်း သိရှိရသည်။

ပိုပိုအောင်

စုကလိ(ပြန်/ဆက်)