သဲကုန်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့် ဒေသခံပြည်သူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေး

သဲကုန်း အောင်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ကျေးရွာဒေသခံ ပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲ ကို ယမန်နေ့က ဇလဲ့ကျေးရွာအုပ်စု  လက်ပံတန်းရွာ ဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက နိုင်ငံတော်က ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာပြည်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများမှချက်ခြင်း ညှိနှိုင်းဆောင်ရွက်ပေး၍ ရမည့်လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက်  ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများက သိရှိလိုသည်များ မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့နောက်ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာမှ နွေစပါးစိုက်ပျိုးမည့် တောင်သူများအားစီမံကိန်း တာဝန်ပေးအပ်လွှာများပေးအပ်ပြီး  စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝပေါင်းသပ်ဆေးပြုလုပ်နည်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆပ်ပြာရည်ပြုလုပ်နည်းကို ပြသဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများကို ထိုးနှံပေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ကျေးလက်ဒေသနှင့် ဆက်စပ်သည့်  ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်