သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူရေးရာ သိကောင်းစရာအသိပညာပေး (Talk Show)ဆွေးနွေးပွဲကျင်းပပြုလုပ်

သာပေါင်း အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စားသုံးသူရေးရာ သိကောင်းစရာ အသိပညာပေး(Talk Show)ကို အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါလဲ့လဲ့ဝင်းမှ စားသုံးသူရေးရာ သိကောင်းစရာ အသိပညာပေး(Talk Show)ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သာပေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးဦးထွန်းမင်လတ်မှ စားသုံးသူကာကွယ်ရေး ဥပဒေအချက်အလက်များကို ပြည်သူများ သိရှိစေရေးအတွက်-

၁။ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်း၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ် ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းကိုဆိုလိုသည်။

၂။ စားသုံးသူ၏ အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်သည့်။

(က) စားသုံးသူများအတွက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံ လိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေခြင်း၊

(ခ) ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုမှုရှိခြင်း၊

(ဂ) ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့်ပြေစာ (သို့မဟုတ်) အထောက်အထား ရယူခွင့်ရှိခြင်း၊

(ဃ) ဈေးကွက်အတွင်းရှိ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ စိတ်ကြိုက် ရွေးချယ်ဝယ်ယူခွင့်ရှိခြင်း၊

(င) စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စများတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့် ရရှိနိုင်စေခြင်း၊

(စ) ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရှိစေရေး၊

(ဆ) ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊

(ဇ) ပစ္စပ္ပုန်တွင် သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း၊

၃။ စားသုံးသူ၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊

(ခ) ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီ ပေးချေခြင်း၊

(ဂ) စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊

(ဃ) အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့် ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန် ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမှုခြင်းတို့ကို ရှောင်ကြဉ်ခြင်း စသည့် အချက်အလက်များအား အကျယ်တဝင့် ရှင်းလင်းအသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်