သံတောင်ကြီး အောက်တိုဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေနှင့် အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် သံတောင်ကြီးဒေသထွက် ပေါ်ဦးပေါ်ဖျားကွမ်းသီးအစိုများ ဈေးကောင်းရရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ကွမ်းသီးစိုက်ပျိုးတောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်း အတွက် ကွမ်းပင်များကို စိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးပင်များကို စိုက်ပျိုးသည့် အချိန်မှစကာ အပင် သက်တမ်း (၇) နှစ်တွင် စတင် သီးပြီး အသီးရင့်မှည့်သည့် အောက်တိုဘာမှ ဒီဇင်ဘာလတွင် ခူးယူ ရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွမ်းသီးပင်တစ်ပင်လျှင် အရင့်မှည့်သီးများကို နှစ်ပြန်အထိခူးယူလေ့ရှိပြီး ယခုနှစ် ကွမ်းသီးအစို တစ်ပိဿာ ကျပ် (၂၅၀၀) မှ ကျပ် (၃၀၀၀) ထောင်အထိ ဈေးကောင်းများ ရရှိသည့် အတွက် ကွမ်းသီးစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စောမင်းသား