ဖြူး အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ဒေသခံပြည်များအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက်ရည်ရွယ်ကာ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြသည့် လုပ်ငန်းရှင်များ ရင်းနှီးလုပ်ကိုင်ရာတွင် ချေးငွေများထုတ်ချေးနိုင်ရေး၊ လုပ်အားခငွေများ ဒေသအလိုက် သတ်မှတ်နှုန်းထားများ ရရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ သက်ဆိုင်ရာဌာနဆိုင်ရာများက ယနေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ အသေးစားလုပ်ငန်းလုပ်ကိုင်ကြသည့် လုပ်ငန်းရှင်များအား သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ သွားရောက်တွေ့ဆုံဆွေးနွေးရာတွင် တစ်ပိုင်တစ်နိုင်အသေးစားလုပ်ငန်းများဖြစ်သည့် မြေပဲယို၊ ပဲချောင်း၊ မုန့်ကြိုးလိမ်၊ စာကလေးခွေ၊ ဆံပင်၊ စကောစကာ၊ တံမြက်စည်း၊ ခမောက်စသည့် လုပ်ငန်းများအားသွားရောက်၍ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဈေးကွက်ပေါ်မူတည်၍ပိုမိုတိုးချဲ့ လုပ်ကိုင်ရာတွင် လိုအပ်သည့်ရင်းနှီးမှု လိုအပ်သောချေးငွေများ ထုတ်ချေးနိုင်ရေး၊ အဆိုပါလုပ်ငန်းများတွင် လုပ်ကိုင်ကြသူများအနေဖြင့် လုပ်အားခငွေများ ဒေသအလိုက် သတ်မှတ်နှုန်းထားများ ရရှိနိုင်စေရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ မြေပြင်အခြေအနေများအား စာရင်းကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)