ပူတာအိုမြို့နယ်ရှိ IDPs စခန်းများအား စီးပွားရေးကုစားမှု အစီအစဉ်(CERP)ဖြင့် ငွေသားများ သွားရောက်ထောက်ပံ့

ပူတာအို စက်တင်ဘာ ၁၇

ကချင်ပြည်နယ် ပူတာအိုမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦစီးဌာနက ကိုဗစ်ရောဂါ ဖြစ်ပွားနေစဉ် ကာလတွင် စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပူတာအိုမြို့နယ်ရှိ Internally Displaced Persons စခန်းများအား ငွေကျပ် သိန်းသုံးဆယ် ရှစ်သောင်း ကျပ်ကို လက်ဝယ် အရောက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်ထောက်ပံ့ရာတွင် ပူတာအိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိမ်းလေးက IDPs စခန်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်ကာလတွင် ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဂရုစိုက်နေထိုင်ကြရန်နှင့် ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ လမ်းညွန်မှာကြားချက်များကို သိရှိနိုင်ရန် ရှင်းလင်း ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်တာဝန်ခံ ဦးစောနွဲ့နေအောင်က ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။

ထိုသို့ထောက်ပံ့ရာတွင် လုံးစွတ် IDPs စခန်းမှ အိမ်ထောင်စု(၆၃)စုနှင့် ဒုတ္တန် IDPs စခန်းမှ အိမ်ထောင်စု (၁၄)စု တို့အတွက် အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုး ဝယ်ယူနိုင်ရန် အိမ်ထောင်စု (၁)စုလျှင် ငွေကျပ် လေးသောင်း နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၇၇)ခုတို့အတွက် စုစုပေါင်း ထောက်ပံငွေ ကျပ်သိန်းသုံးဆယ်ရှစ်သောင်းကို ဒုတိယအကြိမ်အဖြစ် ၎င်းတို့လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ဆန်းညွန့်(ပူတာအို)