ပေါင်းတည်မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ

ပေါင်းတည် အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များပူးပေါင်း၍ ယမန်နေ့နေ့လည် ၁ နာရီအချိန်က စာရေးဆရာဒေါက်တာသိန်းလွင်ရေးသားထားသည့် "ကလေးကိုချစ်ရင် မခြောက်ပါနဲ့" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်အေးအေးဆင့်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် လူတိုင်းစာဖတ်သည့်အလေ့အကျင့်ရရှိစေရန်နှင့် ဖတ်ရှုသည့်အသက်အရွယ်အလိုက် စာပေဗဟုသုတတိုးပွားရရှိပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် စာပေဝါသနာရှင်များက "ကလေးကိုချစ်ရင် မခြောက်ပါနဲ့"စာအုပ်ပါ စာစုများဖြစ်သည့် ကလေးဘဝမှာ သင်ယူတာ ပျော်စရာဖြစ်ရမယ်၊ ကလေးကိုချစ်ရင် မခြောက်ပါနဲ့၊ ကလေးကိုချစ်ရင် မမြှောက်ပါနဲ့စသည့်အကြောင်းအရာများကို ဖတ်ရှုဆွေးနွေးကြပြီး ၄င်းတို့၏ အတွေးအမြင်များကို ပြန်လည်မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)