လပွတ္တာ အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ်အဖြစ် လပွတ္တာမြို့နယ်၊ ဇင်ရွဲလေးကျေးရွာရှိ ဆိုက်ကလုန်းရှယ်တာတွင် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းတွင် လပွတ္တာခရိုင် မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မျိုးမြင့်က သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကြုံတွေ့ရသည့်အခါ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့် တစ်ပြေးညီ လျင်မြန်စွာ တုံ့ပြန်ဖြေရှင်းပေးနိုင်ရန် စဉ်ဆက်မပြတ် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့အပြင် မုန်တိုင်းဘေးကြောင့် ပြိုကျပျက်စီးသည့်အရာကို အသွင်သဏ္ဍာန်တူ ပြုလုပ်၍ လေ့ကျင်မှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ရှာဖွေကယ်ဆယ်ရေးတပ်စု (၃၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦး၊ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲရေးအဖွဲ့၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နယ်မြေခံတပ်မတော်သားများနှင့် လပွတ္တာ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ဇင်ရွဲလေး ကျေးရွာရှိ ပြည်သူအင်အား(၁၅၀)ဦးတို့ဖြင့် ဇာတ်တိုက် လေ့ကျင့်ခြင်းများ ပြုလုပ်ရာ မုန်တိုင်းဘေးဒဏ်ကြောင့် နေအိမ်များအမိုးလန် ပြိုကျပျက်စီးခြင်း၊ သစ်ပင်များ လဲကျ၍ ပိမိနေသော လူနာများအား ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအသုံးပြု၍ ကယ်ဆယ်ခြင်း၊ လူနာများ အား ရှေးဦးပြုစုခြင်းနည်းများဖြင့် အသက်ကယ်နည်းတို့အား လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြ သည်။
လပွတ္တာခရိုင် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး စရှိသည့် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့အား အဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးမြင့်ထံမှ သိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)