ရေနံချောင်း စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် တာဝန်ထမ်းဆောင်ကြမည့် ရပ်ကွက်နှင့် ကျေးရွာများမှ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အစီအစဉ်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိဖွင့်လှစ်မည်ဖြစ်ပြီး ရေနံချောင်းမြို့ နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် သင်တန်းသား ၂၇၈ ဦး တက် ရောက်လျက်ရှိသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးလမ်းညွှန်ချက် များနှင့်အညီ အခန်းတစ်ခန်းလျှင် သင်တန်းသား ၃၀ ဦးနှုန်းဖြင့် အခန်းများခွဲကာ ပို့ချလျက်ရှိပြီး ကျောင်းအဝင်တွင် အပူချိန်တိုင်းပေးခြင်းနှင့် လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်းများကို မြို့နယ်ကြက်ခြေနီ အသင်း ဝင်များက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ချိုချိုလွင်ထံမှ သိရသည်။
သင်တန်းတွင် မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ အခန်း ကဏ္ဍ၊ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ကျင့်ဝတ်များ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်း လမ်းညွှန်များ၊ မဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များထုတ်ပြန်ကြေညာခြင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်ပါ ဆောင်ရန်ရှောင်ရန်အချက်များကို သင်တန်းနည်းပြ ၆ ဦးက အလှည့်ကျ သင်ကြားပို့ချ လျက်ရှိသည်။
ရေနံချောင်းမြို့နယ်တွင် ရပ်ကွက်(၁၄)ခုနှင့် ကျေးရွာအုပ်စု (၂၉) အုပ်စုတွင် မဲရုံပေါင်း ၁၅၉ ရုံ ဖွင့်လှစ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး