စစ်ကိုင်းခရိုင် ပြန်/ဆက်ဦးစီးဌာနတွင် ရေချိုသယံဇာတကဏ္ဍ၏ အရေးပါပုံအသိပညာပေး Talk Show ကျင်းပ

စစ်ကိုင်း အောက်တိုဘာ ၁၃

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ “ရေချိုသယံဇာတကဏ္ဍ၏အရေးပါပုံ” အသိပညာပေး Talk Show ကျင်းပခြင်းကို အောက်တိုဘာ(၁၃)ရက်၊ နံနက်ပိုင်းက စစ်ကိုင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆောင်ရွက်ခြင်းကို စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက Talk Show ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ဆွေးနွေးပြော ကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရေသယံဇာတတွေဟာ လူသားတွေအပါအဝင် သက်ရှိတွေအတွက် အလွန်အရေးကြီးကြောင်း၊ ရေချိုသယံဇာတရှားပါးလာရခြင်း၏ အကြောင်းရင်းများ၊ ရေချိုသယံဇာတတွေကို ထိန်းသိမ်းဖို့ ရေကိုဘယ်လိုချွေတာသုံးစွဲသင့်ကြောင်း၊ ဘာကြောင့်ရေကို ချွေတာသုံးစွဲရသလဲဆိုသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေး ပြေားကြားခဲ့သည်။

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာဗဟု သုတများရရှိစေရန် Talk Show များဆောင်ရွက်ခြင်း၊ သုတ/ ရသစာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ ကလေးငယ်များအတွက် ပြပွဲ/ ပြိုင်ပွဲများကို အခါအားလျော်စွာ ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)