နတ်မောက် အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဝါစိုက်ခင်းများတွင် ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဖြင့် ပိုးပွှားကာကွယ်ရေးအတွက် အဝါရောင်ပိုးထောင်ချောက်များ စိုက်ထူ၍ တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ အဝါရောင်ပိုးထောင်ချောက်စိုက်ထူခြင်းကို လေးအိမ်ကျေးရွာ၊ တောင်ထောင့်ကျေးရွာ၊ ရွာမွန်ကျေးရွာ၊ အင်းကုန်းကျေးရွာနှင့်ရွှေကွေ့ကျေးရွာများရှိ ဝါစိုက်ခင်းများတွင် ဘက်စုံသီးနှံ ကာကွယ်ရေး စနစ်ဖြင့် ပိုးပွှားကာကွယ်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက အဝါရောင် ပိုးထောင်ချောက်များစိုက်ထူ၍ တောင်သူပညာပေး ဆောင်ရွက်ခဲ့သည်။
ချည်မျှင်ရှည်ဝါစိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာန၏ ပညာပေးမှုဖြင့် မျိုးကောင်းမျိုးသန့်များရွေးချယ် စိုက်ပျိုးလာကြပြီး မြေယာပြုပြင်ခြင်း၊ ပိုးသတ်ဆေးနှင့်ရွက်ဖြန်းမြေဩဇာ၊ ဓာတ်မြေဩဇာ၊ သဘာ၀မြေဩဇာများကို စနစ်တကျအသုံးပြုစိုက်ပျိုးကြသဖြင့် ချည်မျှင်ရှည်ဝါများ အပင်ဖြစ်ထွန်းမှု အားကောင်းလျက်ရှိကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။
မူမူစန်း (ပြန်/ဆက်)