လွိုင်ကော်ခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

လွိုင်ကော်  စက်တင်ဘာ  ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေသည့် ကာလ အတွင်း ပြည်သူများအသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် Online မှတစ်ဆင့် အသိပညာပေး ဆွေးနွေးခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ စက္ကူခေါက်ခြင်းစသည့် အသိပညာပေး ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက လွိုင်ကော်ခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ် အထက်တန်းရှေ့နေ ဦးစိုင်းအောင်သူလင်းက လူကုန်ကူးမှုဖြစ်ပွား ရသည့်အကြောင်းအရင်း၊ လူကုန်ကူးမှုအခြေအနေ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဆိုင်ရာ ဥပဒေများကို လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင် ဒေါ်စုစုထွေးက လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ လူကုန်ကူးသူများ ပစ်မှတ်ထားသည့် လူအတန်းအစားအသက်အရွယ်များ၊ ပြည်သူများ အနေဖြင့် လူကုန်ကူးမှုမခံရအောင် ဆောင်ရွက်ရမည့် အချက် များကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးပြီး ကယားပြည်နယ်အတွင်းမှာ ရှိသည့် ပြည်သူများအားလုံးအနေဖြင့် လူကုန်ကူးမှု အန္တရာယ်မှ ကင်းဝေးအောင် အယုံမလွယ်ကြစေလိုကြောင်း၊ နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်မည် ဆိုပါက ပွဲစားများ၏ ပြောစကားများကို နားမယောင်မိစေဖို့ လိုပါကြောင်း၊ သေချာလေ့လာစုံစမ်းပြီးမှသား သွားရောက်စေလိုကြောင်း၊ အထူးသဖြင့် တရားဝင် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်စေလိုကြောင်း တိုက်တွန်း ဆွေးနွေးပြောကြားခဲ့ပါသည်။ 
အဆိုပါဆွေးနွေးပွဲကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကယန်း ရှေ့နေများ အသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း နှင့် Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)