ကဝ အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအသင်း (Woman Club) တို့ပူးပေါင်း၍ စာရေးဆရာ ရနံ့သိုက်၏ “သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အမျိုးသမီးအသင်း (Woman Club) အဖွဲ့ဝင် ဒေါ်သန္တာခိုင်က စာရေးဆရာ ရနံ့သိုက်၏ “သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါ” စာအုပ်မှ “ကြောက်ရွံ့စိတ်ကိုလက်မခံသင့်” ခေါင်းစဉ်တွင်ပါရှိသော လောက၌ ပညာရှင်များပြောဆိုကြသည်မှာ ကြောက်ရွံ့ခြင်းဖြင့် အောင်မြင်ခြင်းကို မရနိုင်ကြောင်း၊ အကြောက်တရားသည် အကုသိုလ်လုပ်ရမည်ကို ကြောက်ခြင်းမှတစ်ပါး မည်သည့်နယ်ပယ် ကိစ္စရပ်မဆို မလိုအပ်မရှိသင့်သော စိတ်ခံစားမှုမျိုး ဖြစ်ကြောင်း၊ အခက်အခဲဆိုတာ နေရာတိုင်းမှာရှိတယ်၊ ရင်ဆိုင်ကျော်လွှားနိုင်ရမယ်၊ အခက်အခဲဆိုတာ ပိုမိုထက်မြတ်လာအောင် ပွတ်တိုက်ပေးခြင်းဖြစ်တယ်၊ ဓားကိုမသွေးဘဲထားလျှင် တုံးသွားကြောင်း၊ လူတစ်ယောက်ကလည်း အခက်အခဲဖြင့် မရင်ဆိုင်မပွတ်တိုက်လျှင် တုံးအသွားပြီးနုံချာသော ဘဝပိုင်ရှင် ဖြစ်သွားတတ်ကြောင်း၊ အခက်အခဲတိုင်းကို ရင်ဆိုင်ကျော်ဖြတ်ဖို့ ကြောက်ရွံ့ခြင်းကင်းစွာ သတ္တိရှိရှိရဲစွမ်းမှုကို ပြသရန်လိုကြောင်း ဒါမှ အကြောက်တရား ကင်းမဲ့ပြီး ပျော်ရွှင်သောဘဝကိုရရှိလိမ့်မည့်ဟု ဦးဆောင်ဆွေးနွေးကာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)