သရက်ချောင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင် သင်္ဘောသီးပင်စိုက်ပျိုးရာမှ မိသားစုအပိုဝင်ငွေရရှိ

သရက်ချောင်း အောက်တိုဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေတောင်သူများက မြေအောက်ရေကိုအသုံးပြုကာ စိုက်ပျိုးထားသောစိုက်ခင်းများနှင့် အစေ့များဖြန့်ကြဲ၍ စိုက်ပျိုးထားသော သင်္ဘောပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ တောင်သူများသည် မိသားစု တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအဖြစ် မြေအောက်ရေကို အသုံးပြုပြီး စိုက်ပျိုရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင်များနှင့် ရာသီပေါ်သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် စိုက်ပျိုးရေးတောင်သူများက သင်္ဘောသီးပင်အမျိုးမျိုး စိုက်ပျိုး လျက်ရှိရာ မိုးဦးကာလဖြစ်သည့် ဧပြီလတွင် နွားချေး၊ မြေဆွေး၊ နုန်းမြေ၊ သဲတို့ဖြင့် ရောစပ်ပြီး ၅ လက်မ ၉ လက်မ အိပ်များထဲသို့ ထည့်သွန်းပြီး တစ်အိပ်တစ်စေ့နှုန်းဖြစ် စတင်ပျိုးထောင်ကာ တစ်လသာအရွယ်တွင် ရွှေ့ပြောင်းစိုက်ပျိုးကြကြောင်း သိရသည်။

ပြောင်းရွှေ့မစိုက်ပျိုးမှီ သင်္ဘောပင်စိုက်ပျိုးမည့် ယာကွက်ကို ကြိုတင်ထွန်ယက်ပြီး စိုက်ပျိုးမည့် တစ်ပင်နှင့်တစ်ပင် ရှစ်ပေခြားကာ အလျား၊ အနှံ၊ အနက် နှစ်ပေအနက် စိုက်ကျင်းများပြုလုပ်ပြီး စိုက်ကျင်းများထဲတွင် နွားချေး၊ နုန်းမြေ၊ မြေဆွေးတို့ကို ဆတူရောပြီး ကြိုတင်ထည့်ထားကာ စိုက်ပျိုးကြရကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် သင်္ဘောသီးများရောင်းချရာမှ စျေးကောင်းရသဖြင့် ထွက်ရှိလာသော သင်္ဘောအသီးများကို ဖောက်သည်များမှ ခြံများအထိ လာရောက်ခူးယူပြီး သရက်ချောင်းမြို့၊ မြို့ပေါ်စျေးများနှင့် သင်္ဘောသီးအဝယ်တိုင်များသို့ရောင်းချရာ သင်္ဘောသီးအစိမ်းတစ်လုံးလျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ သင်္ဘောသီးအမှည့်တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ စျေးကောင်းရရှိကြောင်း သရက်ချောင်းမြို့ပေါ်ရပ်ကွက်နေ သင်္ဘောစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

သားကြီး(သရက်ချောင်း)