ဖျာပုံမြို့နယ်တွင်ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးဧကပြည့်မီရေး၊ စပါးဖျက်ပိုးကာကွယ်ရေး၊ စပါးအထွက်ကောင်းစေရေး အသိပညာပေးဆွေးနွေး

ဖျာပုံ အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံကဒွန်းကျေးရွာအုပ်စုတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆောင်သော စိုက်ပျိုးရေး ဝန်ထမ်းများက ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးဧကပြည့်မီရေးနှင့် စပါးဖျက်ပိုးကာကွယ်ရေး၊ စပါးအထွက်ကောင်းစေရန် ရည်ရွယ်၍ တောင်သူပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ် ကျုံကဒွန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မိုးက နွေစပါး၊ နေကြာ၊‌ ဆောင်းသီးနှံ လျာထားဧကများ အပြည့်အဝ စိုက်ပျိုးရေး၊ မိုးစပါးရာသီတွင် ကျရောက်တတ်သော စပါးဖျက်ပိုးများအကြောင်း၊ တောင်သူများအနေဖြင့် စပါးဖျက်ပိုးများနှင့် ပတ်သက်၍ စပါးဖျက်ပိုး ကာကွယ်နှိမ်နင်းနည်းများအား ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးဖြစ်ထွန်းမည့် မြေနေရာ၊ ရွေးချယ်စုဖွဲ့စိုက်ပျိုးရေး၊ ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုးရေးအတွက် တစ်ကွင်းတစ်စပ်တည်း စုဖွဲ့စိုက်ပျိုးဆောင်ရွက်ရန်၊ စိုက်ပျိုးမည့် မြေနေရာများ၊ မြေဆီလွှာ စမ်းသပ်စစ်ဆေးဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဒေသခံတောင်သူများက သိလိုသည်များ မေးမြန်းဆွေးနွေးကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ပြောကြား‌ပြီး၊ ဖျာပုံမြို့နယ်အနေဖြင့် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးဧကပြည့်မီရေး၊ စပါးဖျက်ပိုးကာကွယ်ရေး၊ စပါးအထွက်ကောင်းစေရန် တောင်သူများနှင့် အသိပညာပေး ဆွေးနွေးပွဲများကို နေ့ရက်အလိုက်အဖွဲ့ (၃)ဖွဲ့ခွဲ၍ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဖျာပုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)