ခမောက်ကြီးမြို့တွင်  အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများအား အများပြည်သူသိရှိနိုင်ရေး အသိပေးနှိုးဆော်

ခမောက်ကြီး  အောက်တိုဘာ ၁၃

တနင်္သာရီတိုင်း ဒေသကြီး၊ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများမှ ခမောက်ကြီးမြို့ ဗိုလ်ချုပ်လမ်းမကြီးနှင့်ရပ်ကွက်လမ်းကြားများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် လိုက် နာရမည့်စည်းမျဉ်းစည်းကမ်းများအား အများပြည်သူသိရှိလိုက်နာနိုင်ရန် အသံချဲ့စက်ဖြင့် ယနေ့ညနေပိုင်းက လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။    

ထိုသို့အသိပေးနှိုးဆော်ရာ၌  ကိုဗစ်-၁၉ရောဂါသည်မျိုးရိုးဗီဇပြောင်း ကူးဆက်ရောဂါအသွင်ဖြင့် ပြန်လည်ကူးစက်နေပြီဖြစ်သောကြောင့်ကိုဗစ် ကာကွယ်ရေးနည်းလမ်းများအား အများပြည်သူများ သိရှိလိုက်နာနိုင်ရန်အလို့ငှာ အသိပညာပေးဆော်ဩခဲ့ကြသည်။

အဆိုပါ အသိပေးနှိုးဆော်ချက်များတွင် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည် ရောဂါ ဝေဒနာသည်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်းဂရုပြုရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေထိုင် ကြရန်၊ လက်ကိုစက္ကန့် (၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ကြပါရန်နှင့် မိသားစုအတွင်း ဖျားနာသူများရှိပါက အိမ်တွင်နေထိုင်စေပြီး ကိုဗစ်-၁၉ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှူးမှတစ်ဆင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးလုပ်ငန်း များကို ဆက်လက်လိုက်နာကြရန် အထက်ပါကြေငြာချက်များကို အများပြည်သူမှ တစ်ဦး တစ်ယောက်ချင်းစီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့ပြီးကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး နည်းလမ်းများကိုလိုက်နာကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းကို အများပြည်သူသိရှိလိုက်နာနိုင်ရန် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

 ခမောက်ကြီး(ပြန်/ဆက်)