သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု ဇတ်တိုက်လေ့ကျင့်

ကော့သောင်း  အောက်တိုဘာ ၁၃

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင်၊ မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များနှင့်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသင့်စုဖွဲ့ပြင်ဆင်ထားရှိမှုအခြေအနေအား ဇတ်တိုက်လေ့ကျင့်မှု အစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ ပုလုံးတုံတုံးကျေးရွာ၊ သဘာဘေးခိုလှုံရာ အဆောက်အဦးရှေ့တွင်ပြုလုပ်ခဲ့သည်။

သဘာဝဘေးအန္တရာယ်များသည်နေရာဒေသမရွေး၊ အခြေအနေအချိန်အခါမရွေး ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ဖြစ်ပွားလာနိုင်သဖြင့် သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချသည့် အလေ့အထတစ်ရပ် ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာရေး အောက်တိုဘာလ ၁၃ ရက်နေ့အား အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ သတ်မှတ်ထားရှိရာ အထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့မှ အချိန်နှင့်တစ်ပြေးညီ ကြိုတင်ပြင်ဆင်အသင့်အနေထားရှိနေမှုအခြေအနေအား ဇတ်တိုက်လေ့ကျင့်ခြင်းဖြစ်သည်။

ကော့သောင်းခရိုင်မီးသတ်တပ်ဖွဲ့နေဖြင့် မီးဘေးအန္တရာယ်များအပြင် သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းဘေး၊ငလျင်ဘေး၊ရေကြီးဘေး၊ မြေပြိုဘေး၊စူနာမီဘေး စသည့်ဘေးအန္တရာယ် များ ဖြစ်ပေါ်လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို အချိန်နှင့်တစ်ပြေးညီရှာဖွေ ကယ်ဆယ်မှု လုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံး ရှူံးမှုလျော့ပါးရေးအတွက် ပြင်ဆင်ကာအသင့်အနေအထားရှိကြောင်း၊ ထို့အပြင် ကယ်ဆယ်ရေးလုပ်ငန်းများ စွမ်းအားပြည့် ဆောင်ရွက်နိုင်ရေးမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအလိုက် အရန်မီးသတ်တပ်ဖွဲ့ဝင်များဖွဲ့စည်းထားရှိပြီး ပြည်သူများအကြားကြိုတင် သတိပေးစနစ်များထူထောင် ခြင်း၊ အသိပညာပေးခြင်းနှင့် တပ်ဖွဲ့ဝင်များစွမ်းရည် မြှင့်တင်ခြင်းလုပ်ငန်းများလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ကျော်စိုး(ကော့သောင်း)