ကော့ကရိတ် အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်းတို့ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားထားသည့် “လူငယ်နှင့်လမ်းညွှန်’’ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတအကြောင်းအရာများကို ပြန်လည်မျှဝေဆွေးနွေးနိုင်စေရေး အတွက် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် Youth Club အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဆုဆုမွန်က ကလေးဘဝက ဆက်ဆံရေးလှုပ်ဆော်မှုများကို လူကြီးတို့၏နမူနာပြခြင်း၊ သွန်သင်ဆုံးမခြင်း၊ ကွပ်ကဲလမ်းညွှန်ခြင်းသည် လိုအပ်ကြောင်းစသည်ဖြင့် “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး” ခေါင်စဉ်ပါအကြောင်းအရာကိုလည်းကောင်း၊ မသီရိက လူငယ်အရွယ်ကားလုပ်ငန်းခွင်သို့ ဝင်ရန်အချိန်မဟုတ်သေး၊ အရည်အသွေး၊ အရည်အချင်းနှင့် အစွမ်းသတ္တိတို့ ထက်မြက်နေအောင် အားမွေးနေရမည့်အချိန်ဖြစ်သည်ဆိုသည့် “လူငယ်နှင့်ကြီးပွားရေး” ခေါင်းစဉ်ပါအကြောင်းအရာတို့အားလည်းကောင်း၊ မမြတ်သန္တာက “လူငယ်နှင့် မလိုလားအပ်သော အလေ့အထများ” ခေါင်းစဉ်တို့အားလည်းကောင်း ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသော စာပေဝါသနာရှင်စာဖတ်ပရိသတ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်မျိုးဝင်း