ဖြူး အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မင်းကံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာကျေးရွာအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး၊ တောင်သူများ မွေးမြူထားသော နွားများအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယဦးစီးမှူး ဦးဟန်ဇော်ဦးနှင့် မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအဖွဲ့တွင်ပါဝင်သော ဌာနဆိုင်ရာများက မိုးစပါးရိတ်သိမ်းအပြီး ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ရေးနှင့် နွေစပါးများ စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်သွားရမည့် အခြေအနေများအတွက် ကျေးရွာရေရရှိရေးကော်မတီဖွဲ့စည်းခြင်း၊ မွေးမြူရေးကဏ္ဍတွင် ကျွဲနွားတိရိစ္ဆာန်များတွင် ဖြစ်ပွားမှုများသည့်ရောဂါများအကြောင်းနှင့် ကာကွယ်သွားရမည့်အခြေအနေများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများအတွက် ချေးငွေများ ချေးပေးနေသည့်အခြေအနေများကို အသိပေးဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသော တောင်သူများကလည်း စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍများတွင် သိရှိလိုသည့်အချက်များအား မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ညှိနှိုင် ဖြေကြားပေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲအပြီးတွင် အဆိုပါကျေးရွာရှိ နွားများ ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် လည်ချောင်းတို၊ လည်ပင်းနာရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းများကို ဖြူးမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)