တောင်ငူ အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ ခပေါင်းခန်းမ၌ ယနေ့နံနက် ၉ နာရီ အချိန်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တောင်ငူခရိုင်အတွင်းရှိမြို့နယ်များအလိုက် မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးစိုးဦးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်မောင်ဆွေတို့က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ တောင်ငူခရိုင်နှင့်ခရိုင်အတွင်းရှိ တောင်ငူ၊ အုတ်တွင်း၊ ဖြူး၊ ရေတာရှည်၊ ထန်းတပင်၊ ကျောက်ကြီးမြို့နယ်တို့မှ ရွေးကောက်ပွဲအရာရှိများက ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအလိုက် လျာထားဆောင်ရွက်ထားရှိသည့် မဲရုံအရေအတွက် မဲဆန္ဒရှင်လူဦးရေစာရင်းတို့အား တင်ပြပြီး ခရိုင်နှင့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးများက ဆောင်ရွက်နေမှု လုပ်ငန်းများအလိုက် ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ထို့နောက် တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်၊ တောင်ငူခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သန်းဝင်းတို့က လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး နယ်မြေတာဝန်ခံဦးစိုးဦးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်မောင်ဆွေတို့က နိဂုံးချုပ်အမှာစကားပြောကြားပြီး တောင်ငူမြို့နယ်အတွင်း လျာထားမဲရုံနေရာများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်