ဒေးဒရဲ အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်း စေရေး၊ လိုင်စင်မဲ့ယာဉ်များ စီးနင်းမောင်းနှင်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာ နေရာများနှင့် ယာဉ်သွားလာမှု များပြား သောနေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ပြည်သူများယာဉ် အန္တရာယ်ကင်းရှင်းစေရေး၊ လိုင်စင်မဲ့ယာဉ်များ စီးနင်းမောင်းနှင်မှု မရှိစေရေးအတွက် မော်တော်ယာဉ် စီးနင်းရာတွင် ထိုင်ခုံခါးပတ် ပတ်ထားရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုးတပ်ဆင်မောင်းနှင်ရန်၊ လူနှစ်ဦးထပ်ပိုမို တင်ဆောင်ခြင်းမပြုရန်၊ ယာဉ်မောင်းနှင်ရာတွင် ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် တစ်ပါတည်း ယူဆောင်လာရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး လိုက်နာရမည့် အချက်များကို အသိပညာပေး ဟောပြောခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အေဇာလင်း