ဘိုကလေးမြို့နယ်တွင် မိုးကြိုးဘေးသင့်၍ သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်

ဘိုကလေး အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာအုပ်စု၊ ခါချဉ် ကျေးရွာ၌ အောက်တိုဘာ (၈)ရက်နေ့တွင် အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့သည့် အတွက် ယနေ့ နံနက်(၁၁)နာရီအချိန်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သေဆုံးသူအတွက် ၎င်း၏ မိသားစုဝင်များထံသို့ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ငွေကျပ်(၃)သိန်းတိတိအား ထောက်ပံ့ပေးအပ်ခဲ့သည်။

မိုးကြိုးဘေးသင့်၍ သေဆုံးသူမှာ ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာအုပ်စု၊ ခါချဉ်ကျေးရွာ၌ နေထိုင်သူ အသက်(၃၃)နှစ်အရွယ် ဦးဝင်းသန်းဖြစ်ပြီး ၎င်းမှာ အောက်တိုဘာ (၈)ရက်နေ့ နံနက်(၁၁) နာရီခွဲအချိန်၌ ခါချဉ်ကျေးရွာထိပ်ရှိ သဘက်ကြီးမြစ်အတွင်း ငါးသားလောက်ပိုက်မျှောနေစဉ် ရုတ်တရက် မိုးရွာသွန်းပြီး မိုးကြိုးပစ်သဖြင့် လှေပေါ်မှ မြစ်ထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း၊ ၎င်း၏ ရုပ်အလောင်းအား ကျေးရွာတာဝန်ရှိသူများမှ မြစ်အတွင်း ရှာဖွေရာ အောက်တိုဘာ(၁၀)ရက်နေ့ နံနက်(၁၀)နာရီခန့်တွင် သဘက်ကြီးမြစ်အတွင်း ခိုင်ရွှေဝါ ကျေးရွာအနီး၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသဖြင့် သေဆုံးသူ၏ နေထိုင်ရာအရောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်နှင့် ဝန်ထမ်းများမှ ထောက်ပံ့ငွေ သွားရောက်‌ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)