မြိတ် အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၏ ဦးဆောင်မှုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနခွဲ (ထားဝယ်ရုံး)မှ တာဝန်ရှိသူများက မြိတ်မြို့ ရေပုန်းရပ်ကွက်ရှိ သံဃာ့ဆေးရုံတွင် မြိတ်ခရိုင် အတွင်းရှိ သံဃာတော်နှင့် သီလရှင်များ၏ နိုင်ငံကူးလက်မှတ်များအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
“မြိတ်ခရိုင်အတွင်းရှိ သံဃာတော်များနဲ့ သီလရှင်များ၏ ကျန်းမာရေးအတွက်သော်လည်းကောင်း၊ ပညာရေးအတွက်သော်လည်းကောင်း၊ အထွေထွေကိစ္စများအတွက် အဆင်ပြေ နိုင်စေဖို့ ရည်ရွယ်ပြီး ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များ၏ နိုင်ငံကူးလက်မှတ် ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက အားလုံးအတွက် တက်ညီလက်ညီ အဆင်ပြေကောင်းမွန်အောင် ဆောင်ရွက်ပေးကြတဲ့အတွက် ဝမ်းမြောက်စွာနဲ့ ကျေးဇူးတင်ပါတယ်” ဟု တိုင်းဒေသကြီး သံဃနာယက အဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တနာရဒ မော်တောင်ကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။
သံဃာတော်များနဲ့ သီလရှင်များအား နိုင်ငံကူးလက်မှတ်များ ဆောင်ရွက်ပေးရာတွင် စာရင်းပေးထားရှိသည့် သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၁၃၉) ပါးရှိကြောင်း၊ မြိတ်မြို့နယ်ရှိ သံဃာတော်နှင့် သီလရှင်များကို အောက်တိုဘာ (၁၂) ရက်တွင်လည်းကောင်း၊ ကျွန်းစု၊ ပုလောနှင့် တနင်္သာရီမြို့နယ်များရှိ သံဃာတော်နှင့် သီလရှင်များကို အောက်တိုဘာ (၁၃) ရက်တွင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနခွဲ (ထားဝယ်ရုံး) မှ တာဝန်ရှိသူများမှ သံဃာတော်များနှင့် သီလရှင်များ၏ သက်ဆိုင်သည့် အချက်အလက်များ ရေးသွင်းဆောင်ရွက်၍ ဓာတ်ပုံရိုက်ကူး ဆောင်ရွက်ပေးခဲ့ ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)