ဆိပ်ဖြူ စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၈၃၆၉) စုတို့အတွက် တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ငွေသဲဖြူ) ခန်းမ၌ ကျင်းပသည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်က အမှာ စကား ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်ဖြင့် မြို့နယ်မှာရှိကြသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သောင်း တတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်းနှင့် ထောက်ပံ့ငွေများအား အမှန်တကယ် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် မှတ်တမ်းမှတ်ရာများဖြင့် ထောက်ပံ့ပေးအပ်ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရှိဌာန ဆိုင်ရာ အကြီးအကဲများက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ငွေများ အသီးသီးပေးအပ် ကြသည်။
ဆိပ်ဖြူမြို့နယ်တွင်ကိုဗစ် -၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း စီးပွားရေးထိခိုက်မှု သက်သာ ရေးစီမံချက်ဖြင့် မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၈၃၆၉) စုတို့ အတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ် နှစ်သောင်း နှုန်းဖြင့် စုစုပေါင်းကျပ်ငွေ ၁၆၇၃ဒသမ၈သိန်းကို တတိယအကြိမ်ထောက်ပံ့ပေးအပ်ကြောင်းသိရသည်။
ကိုမျိုး (ယောဧရာ)