မြိတ်မြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အုန်းအခြေခံလက်မှုထည် ကာလတိုသင်တန်းဖွင့်လှစ်

မြိတ်   အောက်တိုဘာ   ၁၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာတွင် ဒေသထွက် အုန်းသီးများမှ စွန့်ပစ်ပစ္စည်း အုန်းမုန့်ခွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ ကျေးလက်ဒေသတွင်း ကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာစေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အုန်း အခြေခံလက်မှုထည် ကာလတိုသင်တန်းကို မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အောက်တိုဘာ(၁၂)ရက် နံနက်ပိုင်းက စန္ဒဝတ်ကျေးရွာ ဓမ္မရံသီ (စန္ဒဝတ်အနောက်) ကျောင်းတိုက်တွင် ဖွင့်လှစ်ခဲ့သည်။

သင်တန်းကို ဒေသထွက်အုန်းကို အခြေခံပြီး ပြန်လည်အသုံးပြုမှုနည်းပါးသော အုန်းမုန့်ခွက်နှင့်အုန်းခွံများကို အရည်အသွေးကောင်းမွန်၍ သပ်ရပ်လှပသော လူသုံးကုန်ပစ္စည်းများ၊ ထုတ်ကုန် အသစ်အဆန်းများ၊ ဒီဇိုင်း အသစ်များတီထွင်၍ စွန့်ပစ်ပစ္စည်းများမှ လေလွင့်မှုများမဖြစ်စေရန်၊ One Village One Product (OVOP) အဖြစ် ထုတ်ကုန်အသစ်များ ပေါ်ထွက်လာစေရန်၊ လက်မှုထည်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်ဆောင်ရွက်လာနိုင် စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် အုန်းလက်မှုထည် အခြေခံသဘောတရား၊ မီးဆိုင်းပြုလုပ်နည်း၊ မီးအိမ်ပြု လုပ်နည်း၊ ဖန်စီပစ္စည်းများပြုလုပ်နည်း၊ သောချိတ်အမျိုးမျိုးပြုလုပ်နည်း၊ လူသုံးကုန်ခွက် အမျိုးမျိုးပြုလုပ်နည်း၊ Pattern ရေးဆွဲနည်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဉပဒေများ အကြောင်းနှင့် သင်တန်းဆန်းစစ်ချက်များ စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကို ကျေးရွာအတွင်းရှိ စိတ်ပါဝင်စားသူ (၂၀)ဦး တက်ရောက်လျက်ရှိပြီး သင်ကြားကာလအနေဖြင့် အောက်တိုဘာ(၁၂)ရက်မှ(၂၆)ရက်အထိ ဖွင့် လှစ်သင် ကြားသွားမည်ဖြစ်ကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သူသူ စံက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စမ်း စမ်းမိုးက အမှာစကားပြောကြားသည်။ ထို့နောက် ကျေးရွာရပ်မိရပ်ဖ ဦးအုန်းရှိန် က ကျေးဇူးတင်စကားပြောကြားပြီး သင်တန်း သင်ထောက်ကူပစ္စည်းများကို တက်ရောက်လာကြသူများနှင့် သင်တန်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းစတင်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )