လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ စစ်မှုထမ်းဟောင်းအိမ်ရာဝင်းအတွင်း၌ ပြည်နယ်အစိုးရအဖွဲ့က စက်ရေတွင်းတူးဖော်ပေး

လှိုင်းဘွဲ   အောက်တိုဘာ ၁၂

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံကျေးရွာ စစ်မှုထမ်းဟောင်းအိမ်ရာဝင်းတွင် မှီတင်းနေထိုင်လျက်ရှိကြသော စစ်မှုထမ်းဟောင်းမိသားစုဝင်များအတွက် သန့်ရှင်း၍ ဘေးကင်းသောသောက်သုံးရေ ရရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့စီစဉ်ပေးမှုဖြင့် စက်ရေတွင်း ၁ တွင်းကို အခမဲ့တူးဖော်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စက်ရေတွင်းတူးဖော်ပေးခြင်းလုပ်ငန်းကို ပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနမှဒုတိယဦးစီးမှူး ဦးကျော်မျိုးဝင်း ဦးစီးသည့်စက်ရေတွင်းတူးဖော်ရေးအဖွဲ့မှ ထီလုံစစ်မှု ထမ်းဟောင်းအိမ်ရာ၊ ပိတောက်လမ်းတွင် စက်ရေတွင်း ၁ တွင်းကိုတူးဖော်ပေးလျက်ရှိရာ အနက် ၁၆၅ ပေရှိပြီး သောက်ရေနှင့်သုံးရေကို အဆက်မပြတ်ရရှိခဲ့ပြီးဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်း အိမ်ယာတွင်နေ ထိုင်ကြသော မိသားစုဝင်များက ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ကို ကျေးဇူးတင်လျက်ရှိကြောင်းမြို့နယ်စစ်မှုထမ်းဟောင်းအသင်း ဥက္ကဋ္ဌ ဦးလှဝင်း ကပြောသည်။

ပြည်နယ်အစိုးရအဖွဲ့က သောက်သုံးရေအခက်အခဲရှိသော ရပ်ကွက်နှင့် ကျေးရွာများအတွက် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဘဏ္ဍာရေး နှစ်အလိုက်စက်ရေတွင်းများကို အခမဲ့တူးဖော်ပေးခြင်းလုပ်ငန်းကို နှစ်စဉ်အခမဲ့စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ်ဆည် မြောင်းနှင့် ရေအသုံးချ မှု စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

လင်းသန့်(ပြန်/ဆက်)