ပေါက်ခေါင်းမြို့နယ်အတွင်း ကျေးရွာနှစ်ရွာ၌ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေများဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်

ပေါက်ခေါင်း       အောက်တိုဘာ     ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ပြည်ထောင်စုခွင့်ပြုရန်ပုံငွေများဖြင့် မြို့နယ်အတွင်းရှိကျေးရွာနှစ်ရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၆ သန်းဖြင့် ဖိုးကျော့ကွင်းကျေးရွာ၌ လက်တူးတွင်းကျယ်တူးဖော်ခြင်း၊ တွင်းအကျယ် ၆ ပေ၊ အနက် ပေ ၄၀ ရှိ တွင်းတူးဖော်ခြင်းနှင့်ဇီးအုပ်ကျေးရွာ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၆ သန်းဖြင့် လက်တူးတွင်းကျယ်တူးဖော်ခြင်း၊ တွင်းအကျယ် ၆ ပေ၊ အနက်ပေ ၄၀ ရှိ ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများကို  ယမန်နေ့က ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဌေးဇော်နှင့် ဦးစီးအရာရှိဒေါ်အေးမို့မို့ဝင်းတို့က ကွင်းဆင်းစစ်ဆေးပြီး အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေးတို့ကို  လုပ်ငန်းတာဝန်ခံများအား ပြောကြားခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)