အုတ်ဖိုမြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်း တာဝန်များ ရှင်းလင်းဆွေးနွေး

အုတ်ဖို စက်တင်ဘာ ၁၇

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များရှင်းလင်း ဆွေးနွေးပွဲ ကို ကျင်းပခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဝင်းက စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ ရည်ရွယ်ချက်နှင့် ဆောင်ရန်ရှောင်ရန်များ၊ ဆောင်ရွက်ရမည့်နည်းလမ်းများ၊ စည်းကမ်း ချက်များကို ရှင်းလင်းပြောကြားပြီး မြိုနယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လင်းက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ ဖွဲ့စည်းမှုများ၊ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။    
ထို့နောက် တက်ရောက်လာသူများက သိလိုသည်များ ပြန်လည်မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)