ကျောင်းသား/သူများ ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်ပြိုင်ပွဲများ ကျင်းပပြုလုပ်

ရှမ်းရွာသစ် အောက်တိုဘာ ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ကျောင်းသား/သူလေးများ သီတင်းကျွတ်ကျောင်းပိတ်ရက် အားလပ်ချိန်တွင် ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အကျင့်ရှိစေရန် ရည်ရွယ်ချက်၍ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်အား အများပြည်သူ ဝင်ထွက်သွားလာနိုင်သည့် နေရာ၊ ပညာဗဟုသုတ ရှာမှီးရာနေရာတစ်ခုအဖြစ် သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက် ဖားခုန်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို  ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ကလေးငယ်များ စုစုပေါင်း (၂၀) ဦးတို့က စိတ်ပါဝင်စားစွာဖြင့် ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကိုလည်း ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများ အသိ ပညာဗဟုသုတရရှိစေရန် ဟောပြောပွဲများဆောင်ရွက်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်ခြင်းတို့ကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)