ကျောက်ကြီး အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)တို့ ပူးပေါင်းစီစဉ်မှုဖြင့် အ.ထ.ကကျောက်ကြီးကျောင်းနှင့် အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်းတို့တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအား ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်လှစ်ရခြင်းမှာ ကျောက်ကြီးမြို့နယ်တွင် အ.ထ.ကကျောင်း(၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ရှေးဦးပြုစုအတတ်ပညာ တတ်မြောက်စေရန်နှင့် ရှေးဦးပြုစုခြင်းပညာပြန့်ပွားစေရန်၊ ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများအား ပြည်သူများပိုမိုသိရှိလာစေရန်၊ မတော်တဆထိခိုက်မှုများ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာစဉ် စနစ်တကျတုံ့ပြန်ကူညီတတ်စေရန် အနာဂတ်ကြက်ခြေနီ လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်၊ အများပြည်သူများ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်၊ ကျန်းမာရေးအသိပညာများမြှင့်တင်ရန်၊ ဘေးဒုက္ခကျရောက်သူများအား ကြက်ခြေနီအခြေခံမူများနှင့် အညီကူညီရန်၊ ရှေးဦးပြုစုခြင်းပညာ လူထုအတွင်းပြန့်နှံရန်၊ ကြက်ခြေနီသင်္ကေတအရေးပါမှုအား သိရှိရန် ရည်ရွယ်သင်တန်းဖွင့်ရခြင်းဖြစ်ကြောင်း ကြက်ခြေနီမြို့နယ်တပ်ဖွဲ့မှူး ပြောကြားချက်အရသိရသည်။
ကျောက်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များနှင့် အခြားဘေးအန္တရာယ်များ အချိန်မရွေးဖြစ်ပေါ်လာနိုင်သည့် ကာလတွင် မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိကျေးရွာများ၊ စာသင်ကျောင်းများတွင် ရှေးဦးပြုစုခြင်း ပညာတတ်မြောက်ထားသည့် စေတနာလုပ်အားရှင်များ ရှိနေခြင်းကြောင့် ဖြစ်ပေါ်လာသည့်ဘေးအန္တရာယ်များကို ပြည်သူလူထုနှင့် ထိခိုက်ခံစားရရှိသူများအား စနစ်တကျကူညီကယ်တင်နိုင်ရန်အတွက် စေတနာလုပ်အားရှင်စိတ်ရှိသူ များပြားလာပါက အထောက်အကူရရှိနိုင်ရေး မြို့နယ်ပညာရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်း(ခွဲ) အမှုဆောင်အတွင်းရေးမှူး ပြောကြားချက်အရသိရသည်။
အဆိုပါသင်တန်းတွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ အ.ထ.ကကျောင်း(၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၁၀)ဦးအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ သင်တန်းနည်းပြများမှ အောက်တိုဘာ(၁၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ (၃)ရက်တာအခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်