ဘောဂလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ဘောဂလိ အောက်တိုဘာ ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီ အချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ဒေါက်တာ ခင်စန်းမော်ရေးသားသော ပညာရှင်စိတ်ထားစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများ အချင်းချင်းတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့် စာအုပ်ကို ဖတ်ရှုလေ့လာခြင်းဖြင့် လူငယ်များအတွက် အကောင်းဆုံးသောဘဝကို တည်ဆောက်နိုင်မည့် အတွေးအမြင်ခံယူချက် စိတ်ထားနှင့် ဗဟုသုတများ တိုးပွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီးနောက် စာအုပ်တွင် ပါရှိသည့် ဘဝလှေခါးထစ်များ၊ ဘဝအချိုးအကွေ့၊ ရွေးချယ်မှုဆိုင်ရာ ခေါင်းစဉ်များကို အကျဉ်းချုပ် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကြည်ကြည်ခိုင်(ပြန်/ဆက်)