စကုမြို့၌ ရှေးဦးပြုစုနည်း အခြေခံသင်တန်းဖွင့်လှစ်

မင်းဘူး အောက်တိုဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့တွင် ပညာရေးဌာနနှင့် ကြက်ခြေနီအသင်းခွဲငယ်တို့ ပူးပေါင်းဖွင့်လှစ်တဲ့ ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက စကုမြို့ အခြေခံပညာအထက်တန်းကျောင်း မြရတနာခန်းမ၌  ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် ဒုမြို့နယ်ပညာရေးမှူး ဦးတင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လူမှုကူညီရေး လုပ်ငန်းများတွင် မတော်တဆမှုများနှင့် ဘေးအန္တရာယ်ဆိုင်ရာများ ကြုံတွေ့လာပါက လူမှုအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် အခြေခံရှေးဦးပြုစုခြင်း သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စကုမြို့ ကြက်ခြေနီအသင်း (ခွဲ) ငယ်ဥက္ကဋ္ဌ ဦးသောင်းထိုက်က ရှေးဦးပြုစုခြင်း အခြေခံသဘောတရားများ၊ လူနာဆန်းစစ်ခြင်းနှင့် အခြေခံအသက်ကယ် အထောက်အကူပြုနည်းများ၊ စိတ်ပိုင်းဆိုင်ရာပြုစုခြင်း၊ အဆစ်လွဲခြင်း၊ အရိုးကျိုးခြင်း၊ ကြွက်သားနှင့် ရိုးဆက်ဒဏ်ရာ ပတ်တီးစည်း နည်းများအကြောင်းကို ရှင်းလင်းပြောကြားကာ ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ယမန်နေ့အထိ၊ နံနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်းသင်ကြားကာ ၃ ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမှာဖြစ်ပြီး စကုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၄၀) ဦးတက်ရောက် သင်ကြားသွားမှာဖြစ်ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)