ဒိုက်ဦး စက်တင်ဘာ ၁၇
ယနေ့ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါအချိန်ကာလတွင် နိုင်ငံအဝှမ်းရှိ ရောဂါခံစားနေရသော ပိုးတွေ့ရှိလူနာများနှင့် ၎င်းတို့ကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေကြသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ဆက်လက်ပေးပို့ လှူဒါန်းရှိရာ ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲမှ ဒိုက်ဦးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ပစ္စည်း (၇)မျိုးနှင့် ဒိုက်ဦးမြို့ပြည်သူ့ဆေးရုံ အထွေထွေအသုံးပြုရန်အတွက် ငွေကျပ်(၅၀)သိန်းတို့ကို ပေးအပ် လှူဒါန်းသည်။
အခမ်းအနားတွင် ကမ္ဘောဇဘဏ်(ဒိုက်ဦးဘဏ်ခွဲ)ဘဏ်ခွဲ တာဝန်ခံနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း(၇)မျိုးကို ပေးအပ်လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းက လက်ခံရယူပြီးနောက်မြို့နယ်ပြည်သူ့ဆေးရုံ အထွေထွေအသုံးပြုနိုင်ရန်အတွက် ငွေကျပ်(၅၀)သိန်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများအား ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်ဝင်းအောင်ထံ ပေးအပ်လှူဒါန်းပါသည်။
ကမ္ဘောဇဘဏ်မှ လှူဒါန်းသည့် ကိုဗစ်-၁၉ကာကွယ်ရေး အထောက်အကူပြုပစ္စည်း (၇)မျိုးမှာ Mask(၃၀၀၀၀)ခု၊ ခေါင်းစွပ်(၂၀၀၀)ခု၊ မျက်နှာအကာ Face Shield (500)ခု၊ လက်အိတ်(၅၀၀၀)၊ Hand Gel ဘူးသေး(၅၀၀)၊ မျက်မှန်(၁၀၀)နှင့် PPEဝတ်စုံ(၂၀၀)တို့ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ဒိုက်ဦး)