ကော့သောင်းမြို့တွင် (၅၀)ကြိမ်မြောက် ရွှေရတုနှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီ လှည့်လည်ပူဇော်ပွဲအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပမည်

ကော့သောင်း  အောက်တိုဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၅၀)ကြိမ်မြောက် ရွှေရတုနှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီလှည့်လည်ပူဇော်ပွဲအား လာမည့်တန်ဆောင် မုန်းလပြည့်နေ့တွင် မြို့လုံးကျွတ်စီတန်းလှည့်လည်အပူဇော်ခံကာ ရိုးရာအစဉ် အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်ဒေသမြို့တစ်မြို့ဖြစ်သည့် ကော့သောင်းမြို့သည် ဗုဒ္ဓသာသနာထွန်းကားရာ မြို့တစ်မြို့ဖြစ်သည့်အားလျော်စွာ မြန်မာရိုးရာ ဆယ်နှစ်လရာသီပွဲတော်များကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပမြဲဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါကိုဗစ်-၁၉ ကူးစက်မှုကြောင့် ပွဲလမ်းသဘင်များ ကျင်းပမှုကိုယာယီရပ်နားထားခဲ့ရကာ ယခုနှစ်တွင် မြို့၏အစည်ကားဆုံး မြန်မာရိုးရာပွဲတော်တစ်ခုဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူဘုရားဒေသစာရီလှည့်လည်အပူဇော်ခံသည့် ပွဲတော်အား အကြိမ်(၅၀)မြောက် ရွှေရတုအထိမ်းအမှတ်အဖြစ် အစဉ်အလာမပျက် စည်ကား သိုက်မြိုက်စွာပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားဒေသစာရီလှည့်လည်အပူဇော်ခံသည့် ပွဲတော်အား ယခင်ကာလများက တန်ဆောင်မုန်းပြည့်နေ့ညပိုင်းတွင် မြို့လုံးအနှံ့လှည့်လည်အပူဇော်ခံကျင်းပခဲ့ရာ ယခုနှစ်တွင်မှု ညပိုင်းအစားနေ့ပိုင်းတွင်း မြို့တွင်းသို့တစ်နေကုန် လှည့်လည်အပူဇော်ခံသွားဖြစ် ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်၁၉ရောဂါ ထိန်းချုပ်ရေးစည်းကမ်းချက်များအတိုင်း တာဝန်ရှိအဖွဲ့အစည်းအဆင့်ဆင့်မှ စနစ် တကျကြီးကြပ်ကာ မြို့နေပြည်သူများမှလည်း မြန်မာရိုးရာ ဘုရားပွဲတော်အားစည်းကမ်းတကျ ပါဝင်ဆင်နွှဲကြရန် ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော်ထားကြောင်း ဘုရားပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

ကျော်စိုး(ကော့သောင်း)