မြဝတီ အောက်တိုဘာ ၁၁
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ၁၄၅ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်းများကို ဆောင်ရွက်ပေးသည်။
ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်နှင့် မဲကနယ်အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာ ရက်ကန့်သတ်ထားရှိကာ ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာမြို့နယ်များသို့ ပို့ဆောင်ပေးခြင်းဖြစ်သည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၉၁ ဦး၊ အမျိုးသမီး ၅၄ ဦး စုစုပေါင်း ၁၄၅ ဦးရှိကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)