ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်ရောင်းချသည့်လုပ်ငန်းများအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြခြင်း ရှိ/မရှိ စစ်ဆေး

ပခုက္ကူ အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်ရောင်းချသည့် လုပ်ငန်းများအနေဖြင့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြခြင်း ရှိ/မရှိ အခြေအနေတို့ကို ယနေ့နံနက် ၉ နာရီအချိန်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးကြသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်စားသုံးသူရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်ရုံးဝန်ထမ်းများက ပခုက္ကူမြို့ပေါ်ရှိ ဆန်းရှိုင်းပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်း၊ ကောင်းကောင်းပဲကြော်လုပ်ငန်း၊ ခိုင်မွန်ပဲကြော်လုပ်ငန်း၊ လာဘ်မိုးဆွေပဲကြော်လုပ်ငန်းစသည့် စားသောက်ကုန် ထုတ်လုပ်ဖြန့်ချီရောင်းချသည့် လုပ်ငန်းများအနေဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူရေးရာ အကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေများနှင့် ကိုက်ညီမှုရှိ/မရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး စားသုံးသူရေးရာဆိုင်ရာ ဥပဒေတစ်ခုခု ကျူးလွန်သူများအား အရေးယူဆောင်ရွက်နိုင်သည့်ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)