မုံရွာမြို့၌ တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

မုံရွာ အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်စီစဉ်မှု၊ မုံရွာခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တို့၏ ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့နယ် တန်ဖိုးသင့် စားသောက်ကုန် ရောင်းချရေးအဖွဲ့မှ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် တန်ဖိုးသင့်စားသောက်ကုန်များကို အရောင်းဆိုင် ရွေ့လျားယာဉ်ဖြင့် နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲ အချိန်အထိ မုံရွာမြို့ ​​​ဆူးလေကုန်းရပ်ကွက် ပြည်ထောင်စု​​လမ်း၌ ​ အိမ်ထောင်စုပေါင်း ၂၀၀ ကို ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ် တန်ဖိုးသင့် စားသောက်ကုန် ရောင်းချရေးအဖွဲ့အနေဖြင့် အိမ်ထောင်စုတစ်စုအတွက် ဆန်တစ်ပြီ၊ ဆီတစ်ဆယ်ကျပ်သား၊ ကြက်သွန်နီ အစိတ်သား၊ အာလူးအစိတ်သားပါ (၄) မျိုးအတွက် စုစုပေါင်း ကျသင့်ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ဒေသခံများ သက်သာချောင်ချိရေး ရောင်းချပေးလျက်ရှိရာ တစ်နေ့လျှင် အိမ်ထောင်စုပေါင်း ၂၀၀ ကို နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သိရပြီး အခြားသော မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည် ရောင်းချပေး သွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ် တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ တန်ဖိုးသင့် စားသောက်ကုန်များ စနစ်တကျရောင်းချခြင်းများကို ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက လိုက်လံကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)