ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းကို တောင်သူဦးရေပေါင်း ၂၈၂၁ ဦး အား စုစုပေါင်း ချေးငွေကျပ် ၁၉၀၀၇၅၀၀၀၀ ကို အောင်မြင်စွာ ထုတ်ချေးပြီးစီး

ပွင့်ဖြူ အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ် ၊ မိုးသီးနှံ စိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မေလ ၂၄ ရက်နေ့ကစတင်ပြီး မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးခဲ့ရာ စက်တင်ဘာ ၂၈ ရက်နေ့တွင် ဒေသခံတောင်သူ စုစုပေါင်း ၂၈၂၁ ဦးအတွက် ချေးငွေစုစုပေါင်း ကျပ် ၁၉၀၀၇၅၀၀၀၀ အား အောင်မြင်စွာ ထုတ်ချေးပြီးစီးခဲ့ကြောင်း အဆိုပါ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးမှုအနေဖြင့် ကျေးရွာအုပ်စု (၄၈)အုပ်စုမှ ဒေသခံတောင်သူများကို မေလ(၂၄)ရက်နေ့မှ စတင်၍ မိုးစပါးသီးနှံစိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ်တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံ စိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ် တစ်သိန်းနှုန်း ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း၊ ချေးငွေများ ထုတ်ချေးပေးရာ၌ တောင်သူတစ်ဦးချင်းအလိုက် ချေးငွေပေးဆပ်ရမည့်ကာလတွင် ပြေကြေစွာ ပြန်လည်ပေးဆပ်နိုင်ရေးနှင့် ချေးငွေအတိုးနှုန်းထားများကိုလည်းကောင်း၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးရန်တို့ကိုလည်းကောင်း အသိပေး ရှင်းလင်းဆွေးနွေး ပြောကြားပြီး စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးခဲ့ရာ ကျေးရွာအုပ်စု(၄၈)အုပ်စုရှိ တောင်သူ ဦးရေပေါင်း ၂၈၂၁ ဦးအား စပါးသီးနှံ ၁၂၀၃၇ ဧကနှင့် အခြားသီးနှံ ၉၅၂ ဧကအတွက် စုစုပေါင်း ချေးငွေကျပ် ၁၉၀၇၅၀၀၀၀ ကို အောင်မြင်စွာ ထုတ်ချေးဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ဆက်လက်၍ ဆောင်းသီးနှံစိုက်ပျိုးရာသီအတွက် ဒေသခံတောင်သူများ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော်ထံက သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)