ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကန့်ဘလူ အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှမထိုးနှံရသေးသူများ၊ အကြိမ်ပြည့်ထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးတို့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပူးပေါင်းအဖွဲ့များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုများကို အသိပေးအကြောင်းကြားခြင်း၊ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး လှုံ့ဆော်ဆောင်ရွက်ခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)