ဆိပ်ဖြူ အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ် ၁/ ၂၀၂၂ ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဆိပ်ဖြူမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပသည်။
အဆိုပါသင်တန်းကို မျိုးဆက်သစ်လူငယ်မောင်မယ် ကျောင်းသား/ကျောင်းသူများ ကြက်ခြေနီတပ်ဖွဲ့၏အခြေခံမူများ၊ ကြက်ခြေနီစိတ်ဓာတ်ကောင်းများ ရှင်သန်မွေးမြူဆောင်ရွက်နိုင်ရေးနှင့် လူမှုကူညီရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာများ ကြိုတင်ကာကွယ်ရေးကိစ္စရပ်များကို ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ မတော်တဆဖြစ်ပွားတတ်သော အန္တရာယ်များနှင့် ဘေးအန္တရာယ်များ ကြုံတွေ့လာပါက မျိုးဆက်သစ်လူငယ်မောင်မယ်များက ကြက်ခြေနီစိတ်ဓာတ် ရှေးဦးပြုစုခြင်းလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဝင်းက သင်တန်းဖွင့် အမှာစကားပြောကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတင်မောင်ထွေးက ကြက်ခြေနီအကြောင်းသိကောင်းစရာနှင့် သင်တန်း၌ သင်ကြားပြသပေးမည့် ရှေးဦးပြုစုခြင်းသင်ခန်းစာများ၊ ကြက်ခြေနီအကြောင်း သိကောင်းစရာအချက်များကို ရှင်းလင်း ပြောကြားသည်။
အခြေခံရှေးဦးပြုစုခြင်းသင်တန်းအမှတ်စဉ် ၁ / ၂၀၂၂ ကို အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျောင်းသား/ကျောင်းသူများအား သီတင်းကျွတ်ကျောင်းပိတ်ရက် အားလပ်ချိန်၌ အခြေခံရှေးဦးပြုစုခြင်းရက်တို သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ အခြေခံပညာ ကျောင်းအသီးသီးမှ အထက်အဆင့် ကျောင်းသား/ကျောင်းသူ (၅၀) ဦး တက်ရောက်ပြီး သင်တန်းနည်းပြများအဖြစ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်မောင်ဝင်း၊ တပ်စုမှူး ဦးသန်းမြင့်နိုင်နှင့် တပ်ဖွဲ့ဝင်များက အခြေခံရှေးဦးပြုစုခြင်း ဘာသာရပ်များ စာတွေ့၊ လက်တွေ့ သင်ခန်းစာများ၊ ကြက်ခြေနီအကြောင်း သိကောင်းစရာများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌမှ ပြောကြားခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)