ပွင့်ဖြူမြို့နယ် တောင်မုန်းဆည်ရေသောက်ဧရိယာရှိ လက်တံ(၃)ရေပေးမြောင်းအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးသဖြင့် လယ်ဧက ၁၂၀ ကျော်အတွက် စိုက်ပျိုးရေအဆင်ပြေစွာ ရယူသုံးစွဲခွင့်ရရှိ

ပွင့်ဖြူ အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဌာနခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီးဆည်ရေသောက်ဧရိယာအတွင်းရှိ လက်တံ(၃) ရေပေးမြောင်းအား ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်ယန္တရားများဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သဖြင့် လယ်မြေဧက ၁၂၀ ကျော်အတွက် စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲခွင့်ရရှိခဲ့ကြောင်း အဆိုပါ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

ထိုသို့ ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာ၌ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အဆင်ပြေစွာ ဖြန့်ဝေပေးနိုင်ရေးအတွက် ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ လက်တံ(၃) ရေပေးမြောင်း အရှည်ပေ ၁၆၀၀၀ ကျော်အား ရေစီးရေလာကောင်းမွန်စေရေး ပြန်လည်တူးဖော်ရာတွင် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဌာနခွင့်ပြုရန်ပုံငွေဖြင့် ရေပေးမြောင်းအကျယ် ၆ ပေ၊ အနက် ၃ ပေ ခြောက်လက်မ ရေပေးမြောင်းအဖြစ် အဆင့်မြှင့်တင် ပြုပြင်ထိန်းသိမ်းခြင်းကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်၏ ကြီးကြပ်မှုဖြင့် တာဝန်ခံအင်ဂျင်နီယာများက စက်တင်ဘာလကုန်က စက်ယန္တရားများဖြင့် စနစ်တကျ ပြုပြင်တူးဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ တောင်မုန်းမြောင်းမကြီးဆည်ရေသောက်ဧရိယာအတွင်းရှိ လက်တံ(၃) ရေပေးမြောင်းအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးမှုကြောင့် ဒေသခံတောင်သူများ၏ လယ်မြေဧက ၁၂၀ ကျော်အတွက် ရာသီမရွေး စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲခွင့်ရရှိသဖြင့် မြို့နယ်အတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးရေး အတွက် များစွာအထောက်အကူပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်က ပြောသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )