ကမမောင်းမြို့၌   (၃၂) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ကမမောင်း အောက်တိုဘာ ၁၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့လုံးကျွတ် (၃၂) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လှည့်လည်ပွဲကို ယမန်နေ့ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရသည်။

ကမမောင်းမြို့၏ ကျက်သရေဆောင် ကိုနဝင်းဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလ အားအမှူးထား၍ (၃၂) ကြိမ်မြောက် ဘုံကထိန်လှည့်ပွဲကို ဖာပွန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်နှင့် ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့အဆင့်ဌာနဆိုင်ရာများ ကမမောင်းမြို့ရှိ ဒကာ၊ ဒကာမအပေါင်းနှင့် ရပ်နီးရပ်ဝေးရှိ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် စုပေါင်းမဟာဘုံကထိန် လှည့်လည်ခြင်း၊ စတုဒီသာများကျွေးမွေးခြင်းအစီအစဉ်များ အဆင်ပြေချောမွေ့စွာဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရသည်။

ကမမောင်းမြို့၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ကိုးနဝင်းဘုန်းတော်ကြီးကျောင်း၌ နှစ်စဉ်မပျက် ကျင်းပလာခဲ့ရာ (၃၂) ကြိမ်တိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိခဲ့ရသည်။

သန့်ဇင်ဝင်း(ပြန်/ဆက်)